ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
အမျိုးသားပညာရေးမူဝါဒကော်မရှင်
ပါမောက္ခချုပ်များ ကော်မတီ

About Us

Background History

အမျိုးသားပညာရေးကော်မရှင်၏ အဆင့်မြင့်ပညာကျောင်းများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့များတွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများ စုစုပေါင်း (၁၇၃) ကျောင်းမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲရလဒ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) အမျိုးသားပညာရေးဥပဒေပုဒ်မ ၂၇ အရ ဖွဲ့စည်းသော ကော်မတီအမည်နှင့်ပတ်သက်၍ ကော်မတီ၏အမည်ကို ကျောင်းအသီးသီး၏ တက်ရောက်လာသူကိုယ်စားလှယ်များမှ မဲဆန္ဒပြု ရွေးချယ်ခဲ့ရာ ကော်မတီအမည်အား “ပါမောက္ခချုပ်များကော်မတီ” အဖြစ် အတည်ပြု သတ်မှတ်ခဲ့ပါသည်။
(ခ) အလုပ်အမှုဆောင် (၄၄) ဦးအမည်စာရင်းအား ပညာရပ်ဆိုင်ရာ အုပ်စုများအလိုက် မဲဆန္ဒပြု ရွေးချယ်နိုင်ခဲ့ပါသည်။
(ဂ) ရွေးချယ်ခံရသော အလုပ်အမှုဆောင်များထဲမှ ဗဟိုအလုပ်အမှုဆောင် (၁၅) ဦး အမည် စာရင်းအား အလုပ်အမှုဆောင် (၄၄) ဦးမှ မဲဆန္ဒပြုရွေးချယ်နိုင်ခဲ့ပါသည်။
(ဃ) ဗဟိုအလုပ်အမှုဆောင် (၁၅) ဦးတွင် ဥက္ကဌ (၁) ဦး၊ ဒုတိယဥက္ကဌ-၁ (၁) ဦး၊ ဒုတိယဥက္ကဌ-၂ (၁) ဦးနှင့် အတွင်းရေးမှူး (၁) ဦး ပါဝင်ဖွဲ့စည်းခဲ့ပါသည်။
(င) ကော်မရှင်သည် ကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အလုပ်အမှုဆောင်များနှင့် ညှိနှိုင်းလျှက် သတ်မှတ်ပေးနိုင်ခဲ့ပါသည်။


 


 
 

Aim

(က)   တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများ၏ သက်ဆိုင်ရာ အထူးပြုဘာသာရပ်များ အလိုက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲချမှတ်ကျင့်သုံးရာတွင် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၏ မူဝါဒများနှင့်အညီ နိုင်ငံတကာအရည်အသွေးစံများနှင့် လိုက်ပါနိုင်စေရေးအတွက် အထောက်အကူပြုပါဝင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားရန်၊
(ခ)   သင်ကြားရေး အထောက်အကူပြု လက်တွေ့ဓာတ်ခွဲခန်းများ၊ အသုံးချစက်ပစ္စည်းကိရိယာများ၊ အခြားလိုအပ်ချက်များ၊ ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်မွေးမြူရေးနှင့် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရန်၊
(ဂ)   တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများအလိုက် ယင်းတို့၏ ဂုဏ်အင်္ဂါရပ်နှင့် လျော်ညီသော အခြေခံအဆောက်အအုံများ၊ (စာသင်ဆောင်၊ စာသင်ခန်းမ၊ ဆီမီနာခန်းများ၊ ကွန့်ဖရင့်ခန်းများ၊ စုဝေးခန်းမများ၊ သုတေသနစင်တာများ၊ ဌာနခန်းများ၊ စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ အပန်းဖြေပန်းခြံ၊ အားကစားကွင်း၊ အားကစားခန်းမများ၊ ဆရာ ဆရာမ/ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ ဘာသာရပ်နှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကျောင်းသားအသင်းအဖွဲ့များ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂနှင့် ကျောင်းသားကျောင်းသူဟောင်းများဆိုင်ရာ ရုံးခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆေးခန်း၊ ဆေးရုံများ၊ သယ်ယူပို့ဆောင်ရေးစနစ်များ၊ Internet WiFi ပြည့်စုံကောင်းမွန်စေရေး လုပ်ငန်းများ…) အတွက် ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးသွားရန်၊
(ဃ)   ကျောင်းသားကျောင်းသူများအတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များအပြင် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များပါဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောင်းသားအထောက်အကူပြုစင်တာ (Student Support Center) များ တည်ထောင်နိုင်ရေးတွင် ပါဝင်ကူညီအားပေးဆောင်ရွက် သွားရန်၊
(င)   ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ လေ့ကျင့် သင်တန်းများဖွင့်လှစ်ခြင်းနှင့် ပြည်တွင်းပြည်ပ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့် အလမ်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးရန်၊
(စ)   တက္ကသိုလ် ပဋိညာဉ်စာတမ်းများ ရေးသားပြုစုခြင်း၊ တက္ကသိုလ်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးသွားရန်၊
(ဆ)   စီမံကိန်းများအလိုက် နှစ်စဉ်တင်ပြတောင်းခံသွားသည့် ဘဏ္ဍာငွေရသုံးဆိုင်ရာရန်ပုံငွေ တောင်းခံခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီလျှက်ထောက်ခံတင်ပြပေးသွားရန်၊
(ဇ)   ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရန်၊
(ဈ)   ပြည်တွင်း/ ပြည်ပ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း များ ပိုမိုတိုးတက်ဖြစ်ထွန်းလာစေရေးအတွက် အားပေးဆောင်ရွက်သွားရန်၊
(ည)   ဆရာ/ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၏ လူနေမှုဘဝမြင့်မားရေးဆိုင်ရာလုပ်ငန်းများ တွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန်၊
(ဋ)   တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာစေရေးအတွက် အကြံပေးခြင်း၊ အားပေး ကူညြီခင်းများဆောင်ရွက်ရန်၊
 (ဌ)   ကျောင်းအလိုက် သင်ကြားမှု၊ သင်ယူမှု၊ လေ့ကျင့်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်များ၊ လက်စွဲများ ရေးဆွဲသတ်မှတ်ပေးနိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးရန်၊
(ဍ)   တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံများ၏ အရည်အသွေးအာမခံမှုလုပ်ငန်းများတွင် အမျိုးသားအဆင့် အသိအမှတ်ပြုလုပ်ငန်းစဉ်မှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု လုပ်ငန်းစဉ်များသို့ ရောက်ရှိလာစေရေးအတွက် အမျိုးသားပညာရေး အရည်အသွေး အာမခံမှုနှင့် အကဲဖြတ်ကော်မတီနှင့် အခြားအရည်အသွေးအသိအမှတ်ပြု အဖွဲ့စည်းများဖြင့် လက်တွဲပူးပေါင်းလျှက် အထောက်အကူပြု ပါဝင်ကူညီဆောင်ရွက်ပေးသွားရန်၊
(ဎ)   အရည်အသွေးအခြေပြု ပညာရေးစနစ်အား အကောင်အထည်ဖော်လျှက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အဆင့်မြင့်ပညာရေးကျောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အားပေး မြှင့်တင်သွားနိုင်ရန်၊
(ဏ)   ပြည်တွင်းနှင့် နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ကွန့်ဖရင့်များ၊ သုတေသနနှင့်တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် စီစဉ်ပေးနိုင်ရန်နှင့် ထူးချွန်သူများအတွက် ဂုဏ်ပြုအသိအမှတ်ပြုမှုနှင့် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးနိုင်ရန်၊

 

Motto & Logo


ကော်မတီ၏ဆောင်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။


“ညှိနှိုင်းပေါင်းယှက် အောင်မြင်မှုသော့ချက်…”

“The key to victory is cooperation.”

 

 

 

ကော်မတီ၏အမှတ်တံဆိပ် (Logo) မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

Vision and Mission


မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများ၏ လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ ပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းများ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်

Introduction

 

  • မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များနှင့်အညီ ပညာရေးစနစ်သည်လည်း အတူလိုက်ပါ ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ အမျိုးသားပညာရေးဥပဒေ (၂၀၁၄) နှင့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) တို့သည် မြန်မာ့ပညာရေးတစ်ဆစ်ချိုး အထင်ကရမှတ်တိုင်များသဖွယ် ဖြစ်သည်။ အမျိုးသားပညာရေးဥပဒေပုဒ်မ (၅က) အရ အစိုးရအဖွဲ့သည် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

 

  • အဆိုပါ ဖွဲ့စည်းပေးသော ကော်မရှင်သည် ဥပဒေပါပုဒ်မ (၄၀) အရ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီကို သင့်လျော်သော ကျွမ်းကျင်ပညာရှင်များဖြင့်လည်းကောင်း၊ ပုဒ်မ (၅၅) အရ ပုဒ်မ (၅၄) ပါ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီကို လွတ်လပ်သည့်အဖွဲ့အစည်းတစ်ရပ်အဖြစ် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့်လည်းကောင်း ဆက်လက် ဖွဲ့စည်းပေးခဲ့သည်။

     

  • ယခုအခါ ကော်မရှင်မှ ဖွဲ့စည်းပေးသော တတိယမြောက် ကော်မတီအဖြစ် အမျိုးသားပညာရေးဥပဒေပုဒ်မ (၂၇) ကို ကျင့်သုံးလျက် ပါမောက္ခချုပ်များကော်မတီကို ထပ်မံဖွဲ့စည်းပေးခဲ့ပါသည်။

     

  • ဤအစီရင်ခံစာသည်  အမျိုးသား ပညာရေးဥပဒေပုဒ်မ (၅၇) (ဂ)ပါ ပါမောက္ခချုပ်များကော်မတီ၏ ဆောင်ရွက်ရန် တာဝန်များအား ထိရောက် အောင်မြင်နိုင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ဖွဲ့စည်းမှုပုံစံ၊ လုပ်ငန်းကော်မတီများ၊ အထောက်အကူပြုဌာနများ ထူထောင်ခြင်းနှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သက်ဆိုင်ရာကဏ္ဍများအလိုက် သတ်မှတ်ပြဌာန်းနိုင်ရန် ရည်ရွယ်လျှက် ပြုစုထားခြင်း ဖြစ်ပါသည်။ 

Core Values

 

မည်သည့် လုပ်ငန်းတာဝန် ဝတ္တရားများကို ဆောင်ရွက်သည်ဖြစ်စေ ကော်မတီသည် အောက်ပါ တန်ဖိုးများ (Core Values) ကို ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(က) ပွင့်လင်းမြင်သာမှု (Transpenarcy)

(ခ) တာဝန်သိမှု (Responsibility)

(ဂ) တာဝန်ခံမှု (Accountability)

(ဃ) အရည်အသွေးရှိမှု (Integrity)

(င) ညီညွတ်မှု (Unity)